သင်မသိသေးတဲ့ အာလူးအကြောင်း
01-Mar-2017အသက်ကြီးငယ်မရွေး စားသုံးဖို့ သင့်လျော်တဲ့ အာလူးမှာ အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး အစာကြေလွယ်စေတဲ့အပြင် ဆီးရွှင်စေခြင်း၊ တက်ခြင်းနဲ့ ဆိုင်တဲ့ ရောဂါများကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်းအာနိသင်တွေပါ ရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အခြားအကျိုးကျေးဇူး များစွာကိုလည်း ရရှိစေနိုင်တဲ့ အာလူးအကြောင်းကို ရေးသားဖော်ပြလိုက်ပါတယ်။
- အာလူးမှာ သွေးနီဥများစွာ ထုတ်လုပ်ပေးနိုင်တဲ့ သံဓာတ်နဲ့ ဖောလစ်အက်ဆစ်တို့ ပါဝင်တာကြောင့် သွေးအားကောင်းစေပါတယ်။
- အာလူးဟာ ရောင်ရမ်းမှုတွေကို သက်သာစေတဲ့ အကောင်းဆုံး အစားအစာဖြစ်ပါတယ်။ အာလူးကို အခွံမနွှာဘဲ ပါးပါးလှီးကာ ပေါင်းခံရည်ထဲမှာစိမ်ပြီး နံနက်တိုင်း အစာမစားမီ သောက်ပေးခြင်းဖြင့် ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။
- အာလူးအစိမ်းကို ပါးပါးလှီးကာ အရေပြားပေါ်မှာ ကပ်ပေးခြင်းဖြင့် အရေပြားနဲ့သက်ဆိုင်တဲ့ ရောဂါတွေဖြစ်တဲ့ အနီကွက် အဖုအပိန့်များထခြင်း၊ အရေပြား နီမြန်းခြင်း၊ ယားယံခြင်းနဲ့ အသားရေခြောက်သွေ့ခြင်းမှ ကင်းဝေးစေပါတယ်။
-အာလူးပြုတ် စားပေးခြင်းဖြင့် ဝမ်းချုပ်ခြင်း မရှိစေနိုင်တဲ့အပြင် လိပ်ခေါင်းရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
- အာလူးဖျော်ရည်ကို သောက်ပေးခြင်းဖြင့် အစာအိမ်ရောင်နာ၊ အူမရောင်နာ၊ အစာအိမ် ကင်ဆာနဲ့ အူမကြီးကင်ဆာတို့ကို သက်သာစေနိုင်ပါတယ်။ ယင်းဖျော်ရည်ကို တစ်နေ့လျှင် ၃ ကြိမ် (သို့) ၄ ကြိမ်လောက် ရေဖန်ခွက်ထက်ဝက်ခန့် အနည်းဆုံး တစ်လကြာ သောက်ပေးသင့်ပါတယ်။
- အာလူးမှာ ပိုတက်ဆီယမ်ဓာတ် ပါရှိတာကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်စေပြီး သွေးပေါင်တက်ခြင်းမှ ကာကွယ်ပေးပါတယ်။
-အာလူးဖျော်ရည်ကိုသောက်ပေးခြင်းဖြင့်အရိုးအဆစ်ရောင်ရမ်းနာ၊ဂေါက်ရောဂါနဲ့ခေါင်းကိုက်ခြင်းကိုလည်းသက်သာပျောက်ကင်းစေနိုင်ပါတယ်။
- အာလူးဖျော်ရည်ဟာ Autoimmune ရောဂါတစ်မျိုးဖြစ်တဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်း (Rheumatoid Arthritis) ကိုသက်သာစေပြီး ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက် ကိုလည်း ပြေစေနိုင်ပါတယ်။ အာလူးအစိမ်းကို ဖျော်ရည်လုပ်ပြီး နေ့စဉ်အစာမစားမီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း သောက်ပေးသင့်ပါတယ်။
- အာလူးကို ပါးပါးလှီးကာ မျက်လုံးပေါ်မှာကပ်ပေးခြင်းဖြင့် ပင်ပန်းနွမ်းလျမှုကြောင့်ဖြစ်ပေါ်စေတဲ့ မျက်ကွင်းညို ခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။
- များသောအားဖြင့် အာလူးကို ကိုယ်အလေးချိန် တက်စေနိုင်တဲ့ အစားအစာလို့ မှတ်ယူထားကြပါတယ်။ တကယ်တော့ အာလူးကြော်စားသုံးတဲ့အခါ ၎င်းမှာပါဝင်တဲ့ အကြော်ဆီတွေကြောင့် ကိုယ်အလေးချိန်တက်တာဖြစ်ပြီး အာလူးအစိမ်းမှာ ကယ်လိုရီ နည်းပါးစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချလိုသူတွေအတွက် အာလူးကိုပြုတ်ပြီး ဒီအတိုင်းပဲဖြစ်ဖြစ်၊ သုတ်စားတာပဲဖြစ်ဖြစ် စားသုံးသင့်ပါတယ်။
♦ စျေးသွားလို့ အာလူးဝယ်တော့မယ်ဆိုရင် အစို့အညှောက်ပေါက်နေပြီး စိမ်းဖန့်ဖန့် ဝါကြင့်ကြင့်ဖြစ်နေတဲ့ အာလူးတွေကို မဝယ်သင့်ဘဲ အာဟာရဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အာလူးသေးသေးလေးတွေကိုသာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။
♦ အာလူးကို သိုလှောင်သိမ်းဆည်းတဲ့အခါ အာလူးမှာ ပါဝင်တဲ့ရေဓာတ်တွေ မကုန်ဆုံးစေဖို့နဲ့ အစို့အညှောက်ထွက်ခြင်း မဖြစ်စေဖို့ အေးမြပြီး ခြောက်သွေ့တဲ့နေရာမှာ သိုလှောင်ပါ။ အအေးခန်းမှာ သိုလှောင်ပါက အာလူးမှာပါဝင်တဲ့ ကစီဓာတ်ဟာ သကြားဓာတ်အဖြစ်သို့ အာနိသင်ပြောင်းနိုင်တာကြောင့် ရေခဲသေတ္တာထဲမှာ သိုလှောင်ခြင်းမပြုပါနဲ့။
♦ အခြားသီးနှံနဲ့အတူ သိုလှောင်တဲ့အခါ အာလူးနဲ့ကြက်သွန်နီကို တစ်နေရာတည်းမှာ သိုလှောင်ခြင်းမှရှောင်ကြဉ်ပါ။ အညှောင့်ထွက်နေပြီးပုပ်နေတဲ့ အာလူးများကို ဖယ်ရှားပေးခြင်းဖြင့် အရည်အသွေးကောင်းမွန်တဲ့ အာလူးတွေကိုထိန်းသိမ်းပါ။
♦ အာလူးနဲ့ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်- အာလူးမှာ ပိုးသတ်ဆေး အကြွင်းအကျန်တွေ ပါရှိနိုင်တာကြောင့် ဆားရည် (သို့) ပန်းသီးရှာလကာရည် (Apple Cider Vinegar) တို့နဲ့ဆေးကြောပါ။ အညှောင့်ထွက်နေတဲ့ အစိမ်းရောင်ပြောင်းနေပြီဖြစ်တဲ့ အာလူးတွေဟာ ပျို့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း စတဲ့ရောဂါများကို ဖြစ်စေနိုင်တာကြောင့် ယင်းကဲ့သို့အာလူးမျိုးကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
Credit :Cho Thet